Popular Posts

Wednesday, October 26, 2016

မြန်မာ့စီးပွားရေး ပြန်လည် ဦးမော့နိုင်ပါ့မလား

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံ လူငယ် စွန့်ဦးတီထွင်လုပ်ငန်းရှင်များ အသင်းက ကြီးမှူးကျင်းပသည့် 1st Myanmar Entrepreneurship Summit 2016 သို့တက်ရောက် အမှာစကားပြောကြား
နေပြည်တော် အောက်တိုဘာ ၂၂
မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များ အသင်းက ကြီးမှူးကျင်း ပသော 1st Myanmar Entrepreneurship Summit 2016 ကို ယနေ့မွန်းလွဲ (၁) နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂)တွင် ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကား ပြောကြား သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လူကြီးနှင့် လူငယ်အကြား အဓိကကျသည့် ကွာခြားချက်မှာ အခွင့် အရေးပင် ဖြစ်ပါကြောင်း၊ လူငယ်များသည် လူကြီးများ ထက် များစွာအခွင့်အရေးရှိပါကြောင်း ၊ အချိန် ကာ လ အားဖြင့်လည်း အခွင့် အရေး များ ရှိပါ ကြောင်း၊ စိတ်ဓာတ်အားဖြင့်လည်း တည်ထောင် ပိုင်ခွင့်များ ရှိ ပါကြောင်း၊ လူငယ်ဖြစ်၍ လူကြီးများထက် စိတ်ဓာတ်အားဖြင့် သာသည်ဟု မိမိမဆိုလိုပါကြောင်း၊ သို့ရာ တွင် စိတ် ဓာတ်ကိုထူထောင်နိုင်ရန်အတွက် အခွင့်အရေးဆိုင်ရာတွင် လူငယ်များ၌ အလွန်များပြားပါ
ကြာင်း၊
ယခုခေတ်လူငယ်များသည် ယခင်ဆယ်စုနှစ်နှစ်ခုခန့်က လူငယ်များနှင့် နှိုင်း ယှဉ်ပါက ပညာရှာသည့်အခွင့်အရေးများ ပိုမိုများပြား ပါကြောင်း၊ စီးပွားရေးနှင့် ပတ်သက်၍လည်း ယခုကဲ့သို့ ပွင့်လင်းမြင်သာသည့် ခေတ်တွင် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရာ၌ များစွာအခွင့်အရေးသာပါကြောင်း၊ အရေးကြီးသည် မှာ ရရှိသည့် အခွင့်အရေးများကို မှန်မှန်ကန်ကန် အသုံးချတတ်ရ မည် ဖြစ်ပါကြောင်း၊
ယခုခေတ် လူငယ်များနှင့် ပတ်သက်၍ လုပ်ငန်းရှင်များသာမက လူငယ် တိုင်းနှင့် ပတ်သက်၍ မိမိပြော လိုသည့် စကားရှိပါကြောင်း ၊ နေရာတိုင်း တွင် ခေါင်းဆောင်မှု အတတ်ပညာသင်တန်းများ တက်ရောက် ထားကြရန် လိုအပ်ပါကြောင်း ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်ကဏ္ဍများ တွင် ခေါင်းဆောင်မှုကို မည်သို့ပေးရမည်၊ ခေါင်းဆောင်မှုကို မည်သို့ရယူရမည် စသည်တို့ကို သင်ယူကြရမည်ဖြစ်ပါကြောင်း၊   နောက် လိုက်ကောင်း ဖြစ်အောင် သင်ရန်လိုပါကြောင်း ၊ လိုရင်းပြောရလျှင် ပူးပေါင်းဆောင်ရွက် မှု ဖြစ်ကြောင်း ၊ ပူးပေါင်းဆောင်ရွက်မှုသည် အလွန်အရေးကြီး ပါကြောင်း ၊ ယခု မိမိတို့ အစိုးရနှင့် စီးပွားရေးလုပ်ငန်းရှင်များ အားလုံးပူးပေါင်းဆောင် ရွက်မှ ဤနိုင်ငံ၏ စီးပွားရေးသည် တိုးတက်နိုင်မည်ဆိုသည်မှာ အလွန်မှန်ကန်သည့် စကား ပင် ဖြစ် ပါကြောင်း ၊ ယခုကဲ့သို့ လူငယ်လုပ်ငန်းရှင်များ က ပြောလာသည့် အတွက် လည်း မိမိအနေဖြင့် အလွန်အားရကျေနပ် ပါကြောင်း ၊ အုပ်ချုပ်သည့် အစိုးရ များသာ တာဝန်ရှိသည်ဟုဆိုပါက ဒီမိုကရေစီစိတ်ဓာတ် မဟုတ်တော့ ပါကြောင်း ၊
ကိုယ့်မှာ တာဝန်မရှိ ၊ ပြည်သူတွင်တာဝန်မရှိ ၊ အုပ်ချုပ်သည့် အစိုးရများတွင် သာ တာဝန်ရှိသည်၊ အောင်မြင်သည် / မအောင်မြင်သည်ဆိုသည်မှာ အုပ်ချုပ် သည့် အစိုးရတွင်သာ မူတည် သည်ဟု ဆိုပါက ပြည်သူများ၏ကဏ္ဍသည် ဘယ်ရောက် သွားမလဲ၊ ထို့အတွက် ပူးပေါင်း ဆောင်ရွက်မှုအနေဖြင့် အုပ်ချုပ်ရေး တာဝန်ကိုယူထားသည့် ပုဂ္ဂိုလ်များနှင့် ပုဂ္ဂလိကပိုင်းမှ စီးပွားရေး လုပ်ငန်းရှင်များ၏ ပူးပေါင်းဆောင်ရွက်မှုသည် မိမိတို့နိုင်ငံ စီးပွားရေး တိုးတက်ရန် အတွက် အဓိကကျသည့် ကိစ္စဖြစ်ပါကြောင်း၊
လူငယ်စီးပွားရေးလုပ်ငန်းရှင်များသည် ရှေ့အနာဂတ် ဘယ်ကိုသွားမည် ဆိုသည်ကို သစ်လွင်သည့်အတွေးများဖြင့် ဆုံးဖြတ်စေလိုပါကြောင်း၊ မိမိတို့ နိုင်ငံတစ် ၀န်းတွင် မည်သည့်နေရာသွားသွား စွန့်ပစ်ထားသည့် ပလတ်စတစ်စများ၊ ပစ္စည်းများ ဖြင့် အရုပ်ဆိုးအကျည်းတန် လျက်ရှိသည် ကို တွေ့မြင်နေရပါကြောင်း၊ ထို့အတွက် စွန့်ပစ် ပစ္စည်း ပြန်လည်အသုံးချသည့် လုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာရန် လိုအပ်ပါ ကြောင်း ၊ ယင်းသည် အနာဂတ်အတွက်ဖြစ်ပါကြောင်း၊ ယင်းကိစ္စကို ဆောင်ရွက်ရန် အတွက် အချက်တစ်ချက်မှာ ပညာပေးရေးဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံသားများသည် မိမိ အတွက်နှင့် မိမိပတ်ဝန်းကျင်အတွက် တာဝန်ယူနိုင်သည့် စိတ်ဓာတ်ပိုင်းတွင် အများကြီး အင်အားဖြည့်တင်းပေးရန် လိုနေပါသေးကြောင်း၊ ယင်းကို လူငယ်များက ဆောင်ရွက် သွားကြရန်လိုအပ်ပါကြောင်း၊ လူငယ်တိုင်း လူငယ် တိုင်းသည် ယခုမှ စတင်၍ မိမိ၏ ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် ကိုယ် တာဝန် ယူပါရဲ့လား ဟူသည့် ကိစ္စမှ စတင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ၊
မိမိပတ်ဝန်းကျင်သန့်ရှင်းရေးအတွက်ပင် တာဝန်ယူမှု မရှိဘဲနှင့် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အဆောက်အအုံကြီးကို ဆောက်ပါမည်ဟု ဆိုလာပါက တစ်ခုခုတော့ လိုနေပြီဟု မိမိအနေဖြင့် ထင်ပါကြောင်း ၊ လူတိုင်းလူတိုင်းသည် မိမိနှင့် သက်ဆိုင်သည့် ကိစ္စရပ်အားလုံးအတွက် တာဝန်ယူစိတ်ရှိရမည်မှာ လူငယ်များ၏ သင်ယူရမည့် ကျင့်ကြံ ယူရမည့် ပညာရပ်များပင်ဖြစ်ပါကြောင်း ပြောကြားသည်။
မိမိတို့နိုင်ငံအတွက် စွန့်ပစ်ပစ္စည်းများသည် ပတ်ဝန်းကျင်ကို ညစ်ညမ်းစေသည့် အရာများ မဟုတ်ဘဲနှင့် မိမိတို့ နိုင်ငံသားများအတွက် အသုံးကျ သည့် အရာများ ဖြစ်လာစေရန်အတွက် မည်သို့ဆောင်ရွက်မလဲ ဆိုသည်ကို လူငယ် များက လေ့လာ ဆောင်ရွက်သွားကြရ မည် ဖြစ် ပါကြောင်း၊ နောက်တစ် ချက်မှာ ပူးပေါင်းဆောင်ရွက် မှုဖြစ်ပါကြောင်း၊ အားလုံးပူးပေါင်းဆောင်ရွက် မှသာ အောင်မြင်နိုင်မည်ဖြစ်ပြီး ယင်း စိတ်ဓာတ် သည် အလွန် အရေးကြီး ပါကြောင်း၊ စီးပွားရေးလောကတွင် အပြိုင်အဆိုင် ဆိုသည်မှာ ရှိပါကြောင်း၊
ပြိုင်ဆိုင်ရာတွင်လည်း ကောင်းသောပြိုင်ဆိုင်ခြင်းသည် အရေးကြီး ပါကြောင်း၊ တစ်ယောက်နှင့်တစ်ယောက် အနိုင်ယူရန်မဟုတ်ဘဲ မိမိ၏ အစွမ်းအစ ကို မြှင့်တင်ခြင်းအားဖြင့်သာ အနိုင်ယူသင့်ပြီး သူတစ်ပါး၏ အစွမ်းအစကို ချိုးဖဲ့ခြင်းအားဖြင့် အနိုင်မယူသင့်ကြောင်း၊ ယင်းသည်ပင်ကောင်းမွန်သော၊ သန့်ရှင်း သော ပြိုင်ဆိုင်မှုပင်ဖြစ်ပါကြောင်း ၊ မိမိအစွမ်းအစနှင့် လုပ်ရည် ကိုင်ရည်ကို မြှင့်တင် ပေးခြင်းအားဖြင့် မိမိပတ်ဝန်းကျင် ၊ မိမိအသိုက် အ၀န်းနှင့် နောက်ဆုံးအားဖြင့် မိမိနိုင်ငံ ကို အကျိုးပြုစေခြင်း ဖြစ်ပါကြောင်း၊
လူငယ်လုပ်ငန်းရှင်များသည် ယင်းသို့ ကောင်းသောပြိုင်ဆိုင်ခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်း နှင့် အနာဂတ် ကို ပိုမိုကောင်းမွန်သည့် အနာဂတ်ဖြစ်စေရန် တည်ဆောက် ပေးရန်၊ အတွေးအခေါ် သစ်များကို ရှာကြရန်နှင့် မိမိတို့၏ လူငယ် လုပ်ငန်းရှင်များသည် တီထွင်သည့်နေရာတွင် စိတ်ဓာတ်အပြည့် မွေးကာ တတ်နိုင်သမျှ တိုးတက်စေရန် ကြိုးပမ်းရန် အရေးကြီး ပါကြောင်း၊ ယင်းသို့ တီထွင်ရာတွင် ကိုယ့်တစ် ယောက်တည်းအတွက် မဟုတ်ဘဲ ကိုယ့်နိုင်ငံ၏ အနာဂတ်အတွက် ကြိုးစားစေချင် သည်ဟု သတိပေးလိုပါကြောင်း ၊ မိမိတို့နိုင်ငံသည် ကမ္ဘာ့အလယ်တွင် ဂုဏ်ဝင့်ကြွားစွာ မနေနိုင်ခဲ့သည်မှာ အတော်ကြာပြီဖြစ်ပါကြောင်း၊ သို့သော်လည်း ထိုသို့သော အခြေအနေမျိုး နောက်ထပ်မပေါ်ပေါက် လာဘူးဟု ပြော၍ မရပါကြောင်း၊
ယခုပစ္စုပ္ပန် တွင် မိမိတို့၏ ကြိုးပမ်းချက်အရ ကမ္ဘာ့အလယ်တွင် တင့်တယ်လာပြီ ဖြစ်ပါကြောင်း ၊ တင့်တယ် လာပြီဆိုသည်မှာလည်း သူတစ်ပါးကို ကျောချင်၍ မဟုတ်ပါ ကြောင်း ၊ သူများနိုင်ငံအပေါ် အနိုင်ယူ ချင်၍ မဟုတ်ပါကြောင်း ၊ မိမိနိုင်ငံသူ နိုင်ငံသား များသည် ဒီနိုင်ငံသူ နိုင်ငံသားဖြစ်ရ၍ ဂုဏ်ယူစေချင်၍ မိမိတို့ နိုင်ငံသားများအတွက် စိတ်အား ထက်သန်စေ လို၍ဖြစ် ပါကြောင်း ၊ ဥပမာအားဖြင့် မိမိကို အချို့ကမေးပါ ကြောင်း ၊ မြန်မာ့ယဉ်ကျေးမှု ကို မြန်မာလူငယ်များ လေးစားစေရန် ၊ တန်ဖိုးထားစေ ရန် ပြောပေးပါ၊ တိုက်တွန်းဆော်သြပေးပါဟု ပြောကြကြောင်း၊ မိမိက တိုက်တွန်းဆော်သြ၍ မရကြောင်း၊ လုပ်ပြမှ ရမည်ဖြစ်ကြောင်း၊
ဒီနိုင်ငံက နိုင်ငံ သူနိုင်ငံ သားဖြစ်ရ ကျိုး နပ်သည် ၊ ဒီနိုင်ငံသူနိုင်ငံသားဖြစ်ရတာ ငါတို့ အတွက် ဂုဏ်ယူဖွယ် ရာ ဖြစ်သည်ဟု ခံစားရပါက လူငယ်များသည် ကိုယ့်ယဉ် ကျေးမှု ကို တန်ဖိုးထားလာမည်ဖြစ်ပါကြောင်း ၊
ကိုယ့်ထုံးတမ်းစဉ်လာများကို အလေး ထားတန် ဖိုးထား နားလည် လာမည်ဖြစ်ပါကြောင်း ၊ အတင်းလုပ် ခိုင်း၍ မရပါကြောင်း၊ မျိုးချစ်စိတ် ဟူသည်မှာ စာတမ်းကြီးများထိုး၍ ကိုယ့်နိုင်ငံကိုချစ်ပါဟု ပြော၍လည်း မရပါကြောင်း ၊ မျိုးချစ်စိတ်ဟူသည်မှာ ကိုယ့်အမျိုးကို ၊ ကိုယ့်နိုင်ငံကို ၊ ကိုယ့်ပြည်သူ ပြည်သားများကို ချစ်ခင်လေးစားသည့်စိတ်ဖြစ်ပါကြောင်း ၊ ယင်းစိတ်ဖြစ်ပေါ်စေရန် အတွက် ချစ်ခင်လေးစား ဖွယ်ရာ အသိုက်အ၀န်းမှာသာ ဖြစ်နိုင်ပါကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောကြားသည်။
ထို့ပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မိမိတို့ လူငယ်လုပ်ငန်းရှင်များသည် မိမိတို့၏ လုပ်ငန်းများ အောင်မြင်အောင် လုပ်ကိုင်နေရင်းမှပင် မိမိတို့နိုင်ငံ သည် ဂုဏ်ယူ ၀င့်ကြွားဖွယ်ရာ အသိုင်းအ၀ိုင်းတစ်ခု ဖြစ်လာရန် ကြိုးစားပေးစေ လိုပါကြောင်း ၊ စောစောက ပြောခဲ့သကဲ့သို့ တစ်ခြားနိုင်ငံ များကို ကျောရန် ၊ အနိုင်ယူရန် မဟုတ် ကြောင်း ၊ မိမိတို့နှိုင်ငံသည် မည်သို့ ပင်ပြောစေ ကာမူ နိုင်ငံသူနိုင်ငံသားအားလုံး အတွက် လုံခြုံရာ ၊ အေးချမ်းရာ ၊ တိုးတက်ရာ ပင် ဖြစ်စေလိုပါကြောင်း ၊ ထိုသို့ဖြစ်မှပင် မျိုးဆက်များ အားလုံး သည် ဒီနိုင်ငံတွင် အေးချမ်းစွာ ဂုဏ်သရေ ရှိစွာ နေထိုင်သွားနိုင် မည်ဖြစ် ပါ ကြောင်း၊
အခွင့်အရေးနှင့်ပတ်သက်၍ မိမိပြောခဲ့ပါကြောင်း ၊ လူကြီးနှင့် လူငယ်ကွာခြား ချက်သည် အခွင့်အရေး ပင်ဖြစ်ပါကြောင်း ၊ လူငယ်များသည် မိမိတို့နိုင်ငံကို တည်ဆောက်ရန် အခွင့်အလမ်းများ အပြည့်ရှိနေ ပါကြောင်း၊ ယင်းအခွင့်အလမ်း များကို သုံးပါ ၊ စောစောကပြောခဲ့သည့် အစိုးရပိုင်းနှင့် လုပ်ငန်းရှင်များ အကြားတွင် ရံဖန်ရံခါ သာမက လိုအပ်သလို တွေ့ဆုံဆွေးနွေးခြင်း ၊ အတွေးအခေါ်များ ဖလှယ်ခြင်း တို့ ဆောင်ရွက်လိုသည်ဟူသည့်အချက်အပေါ် မိမိ သဘောတူပါကြောင်း ၊
အစည်း အဝေးတွင်လည်း မိန့်ခွန်းပြောခဲ့သည့် ပုဂ္ဂိုလ်တစ်ဦးက ယင်းကိစ္စကို ပြောသွားပါ ကြောင်း ၊ မိမိအနေဖြင့် သဘောတူသကဲ့သို့ အစိုးရ အဖွဲ့ဝင်များ အနေဖြင့်လည်း ယင်းကိစ္စကို ဖြစ်မြောက်စေရန် ကြိုးပမ်းဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ၊ ယင်းကြိုးစားမှုသည် ဟိုဘက်ဒီဘက် နှစ်ဘက် စလုံးရှိရန်လိုပါကြောင်း ၊ မိမိတို့ကို လည်း ပေးချင်သည့် အကြံဥာဏ်များ ပေးနိုင်ပါကြောင်း ၊
အကြံတိုင်းကို လက်ခံနိုင်မည်ဟု မပြောနိုင်သော်လည်း ဆွေးနွေးခြင်းအားဖြင့် ဘယ်အကြံဥာဏ်များသည် ယခုအခြေ အနေနှင့် အကိုက်ညီဆုံးလဲ ဆိုသည်ကို အဖြေ ပေါ်လာမည်ဖြစ်ပါကြောင်း ၊ လူငယ်များ သည် အနာဂတ်အတွက် အရင်းအနှီး ဖြစ်ပါကြောင်း ၊ အနာဂတ်ကို မျက်နှာမူပါ ၊ အတိတ်နှင့် ပစ္စုပ္ပန်မှ သင်ခန်းစာများအားလုံးကို ထိုက်ထိုက်တန်တန် အသုံးချပါ ၊ သို့မှသာ မိမိတို့ နိုင်ငံအတွက် စိတ်ချရမည် ဖြစ်ပါကြောင်း ၊ လူကြီးများ အကောင်းဆုံး လုပ်နိုင်သည်မှာ လူငယ်များအတွက် တကယ့်ကို တန်ဖိုးရှိပြီး ခေတ် အဆက်ဆက် တည်တံ့ခိုင်မြဲမည့် အမွေအနှစ်များ ထားခဲ့ရန်ပင်ဖြစ်ပါကြောင်း ၊ အမွေအနှစ်ဆိုရာ တွင်လည်း ရုပ်ပိုင်းဆိုင်ရာသာမကဘဲ စိတ်ဓာတ်ပိုင်းဆိုင်ရာ အမွေအနှစ်များလည်း လိုအပ်ပါကြောင်း ၊ နိုင်ငံ တစ်နိုင်ငံ၏ စိတ်ဓာတ် ၊ ပြည်သူပြည်သားများ၏ စိတ်ဓာတ်ဆို သည်မှာ မျိုးဆက်တစ်ခုတည်းမှ ထူထောင်နိုင်သည့် စိတ်ဓာတ်မဟုတ်ပါကြောင်း၊ မျိုးဆက်ပေါင်း မြောက်မြားစွာမှ တစ်ဆင့်ပြီးတစ်ဆင့် ထူထောင်လာနိုင်ခဲ့သည့် စိတ်ဓာတ်ဖြစ်ပါကြောင်း ၊
နာမည်ကျော် စာရေးဆရာမကြီးတစ်ဦးက ပြောပါကြောင်း ၊ နိုင်ငံတစ်နိုင်ငံ တွင် ကိုယ့်သမိုင်း ကို ပြန်ကြည့်၍ ဂုဏ်ယူ ၀မ်းမြောက်ဖွယ်ရာ အားရဖွယ် ရာ အဖြစ် အပျက် များ ရှိခဲ့မည်ဆို ပါက နိုင်ငံသူနိုင်ငံသား များသည် ဘယ်လို အခက်အခဲကို မဆို ရင်ဆိုင်ရဲသည့် သတ္တိနှင့် ကျော်လွှားနိုင် သည့် စိတ်ဓာတ်များရှိသည်ဟု ဆိုပါကြောင်း ၊ ယင်းစိတ်ဓာတ်သည် မိဘများက အလုံးအရင်း နှင့် ပေးခဲ့ သည့် စိတ်ဓာတ်လိုပင်ဖြစ်ပါကြောင်း ၊ သုံး၍ မကုန်နိုင်ပါကြောင်း ၊ စိတ်ဓာတ် အရ ၊ ဂုဏ်ရှိမှုအရ ၊ သိက္ခာအရ ပေးခဲ့သည့် အမွေအနှစ်များသည် သုံး၍မကုန်သည့် အမွေ အနှစ်များ ဖြစ်သည့်အတွက် ယင်းကဲ့သို့သော အမွေအနှစ်များကို နိုင်ငံအတွက် ပေးခဲ့ လိုသည်ကို ရေးခဲ့ဖူးပါကြောင်း၊ မိမိ လုံးဝသဘော တူပါကြောင်း ၊
ပစ္စုပ္ပန်တွင် လုပ်သမျှကိစ္စမှန်သမျှတွင်လည်း နောင်မျိုးဆက်သစ်များအတွက် သုံး၍မကုန်ဘဲ အလွန်တန်ဖိုးရှိ သည့် အမွေဖြစ်ပါစေ ၊ မိမိတို့၏ လူငယ်များသည် လည်း ဆောက် တည် လိုက်သည့် အဆောက်အအုံ တိုင်းသည် နောင်မျိုးဆက် သစ် များ ခိုလှုံနိုင် သည့် ၊ အားကိုးနိုင်သည့် လုံခြုံမှုအတွက် စိတ်ချနိုင်သည့် အဆောက်အအုံများ ဖြစ်ပါစေ ၊ မိမိတို့ လူကြီးများ ၊ လူငယ်များသည် လက်တွဲ၍ ကိုယ့်နိုင်ငံ ၊ ကိုယ်လူမျိုးများ ဆင်းရဲ တွင်း မှ လွှတ်မြောက်နိုင်ရန် အတွက် နောင်ခေတ် အဆက်ဆက်တွင် မိမိတို့နိုင်ငံ နှင့် ပြည်သူပြည် သား များသည် ကမ္ဘာ့အလယ်တွင် တင့်တင့် တယ်တယ် နေနိုင်သွားရန် အတွက် အားလုံးပူးပေါင်း ဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်ပါ ကြောင်း ပြောကြားသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝေဖြိုးက နိုင်ငံတော်နှင့် ပူးပေါင်းလက်တွဲကာ နိုင်ငံ့စီးပွားရေး ပိုမို တိုးတက်ကောင်း မွန် လာစေရေးအတွက် အသင်းအနေဖြင့် တစ်ဖက် တစ်လမ်းမှ ဆောင်ရွက်သွားမည့် ကိစ္စရပ်များအပေါ် ရှင်းလင်းတင်ပြသည်။
ယင်းနောက် အမေရိကန်သံအမတ်ကြီး မစ္စတာ စကော့မာစီရယ် က နှုတ်ခွန်း ဆက် စကား ပြောကြားသည်။
ယနေ့တွင် " State of Myanmar Entrepreneurship White Paper"ခေါင်း စဉ် ဖြင့် ဆွေးနွေးပွဲပထမပိုင်းကို ကျင်းပခဲ့ပြီး ဒုတိယပိုင်းဆွေးနွေးပွဲတွင် " Importance of Entrepreneurship in Nation Building" ခေါင်းစဉ်ဖြင့် တာဝန်ရှိသူများက ဆွေးနွေးခဲ့ကြ သည်။
အလားတူ Break Out Session (3) ခုကို ခေါင်းစဉ်တစ်ခု ချင်းစီဖြင့် ဆွေးနွေးရာ တွင် Financing for a Vibrant Entrepreneur Ecosystem ခေါင်းစဉ်ဖြင့် ဦးဘိုဘိုဝေမောင်၊ ဦးသူရကိုကို၊ ဒေါ်ခင်သက်မော်နှင့် ဒေါ်စန္ဒာမင်းတို့က Speaker များအဖြစ် ဆောင် ရွက်ပြီး ဒေါ်သီရိ သန့်မွန်က Moderator အဖြစ်လည်းကောင်း။ Never Give Up: The Mind of and Entrepreneur ခေါင်းစဉ်ဖြင့် ဦးမိုးကျော်၊ ဒေါက်တာထက်ဇံလင်း၊ ဒေါ်လင်းလင်းတင်ထွန်းနှင့် ဦးထွန်းထွန်းနိုင်တို့က Speaker များအဖြစ်ဆောင်ရွက်ပြီး ဦးအောင်ချစ်ခင်က Moderator အဖြစ်လည်းကောင်း၊

The Digital Economy: Connectivity As and Enabler of Entrepreneurship ခေါင်းစဉ်ဖြင့် ဒေါက်တာ ထွန်းသူရသက်၊ ဦးဝေလင်းဦး၊ ဦးရဲမြတ်မင်းနှင့် ဦးကောင်းကြည် သူတို့က Speaker များအဖြစ်ဆောင်ရွက်ပြီး ဦးခိုင်ဝင်းက Moderator အဖြစ်လည်းကောင်း အသီးသီးဆောင်ရွက် ၍ ဆွေးနွေးခဲ့ကြသည်။
M S C O ( 22.10.2016 )

No comments:

Post a Comment