Popular Posts

Friday, September 11, 2015

ရွေးကောက်ပွဲတွင် မီဒီယာ ဘက်လိုက်မှု ရှိ၊ မရှိ ပြန်လည် စောင့်ကြည့် ခံရမည်

ရွေးကောက်ပွဲဆိုင်ရာ သတင်းများကို မီဒီယာများကဖော်ပြရာတွင် ဘက်လိုက်ဖော်ပြခြင်း ရှိ၊မရှိ လေ့လာ စောင့်ကြည့်မည်ဖြစ်ကြောင်း အရပ်ဘက် အဖွဲ့အစည်း တစ်ခုဖြစ်သော Myanmar Institute for Democracy(MDI) က ထုတ်ဖော်ပြောကြားသည်။

''ကျွန်တော်တို့ရဲ့စောင့်ကြည့် လေ့လာမှုတွေကို ပြည်သူတွေကို ပြန်ချပြမှာပါ'' ဟု MDI ၏ စီမံ ကိန်းညှိနှိုင်းရေးမှူး ဦးမျိုးမင်းဇော် ကပြောသည်။

စက်တင်ဘာ ၈ ရက်မှစတင်ကာ နှစ်လကြာ စောင့်ကြည့်တွေ့ရှိချက်များကို ရွေးကောက်ပွဲမတိုင်မီ နှစ်ကြိမ်နှင့် ရွေးကောက်ပွဲ အပြီးတစ်ကြိမ် ပြည်သူထံသို့ ပြန်လည် ချပြမည်ဖြစ်ကြောင်း ဦးမျိုးမင်းဇော် ကပြောသည်။

နိုင်ငံပိုင်မီဒီယာများအပါအ၀င် ရုပ်မြင်သံကြားလိုင်း ငါးခု၊ ရေဒီယိုလိုင်း ရှစ်ခု၊ သတင်းစာနှင့်ဂျာနယ် ၁၄ စောင်နှင့် အွန်လိုင်း မီဒီယာ သုံးခုတို့ကို MDI က အဖွဲ့ဝင် ၁၇ ဦးဖြင့် စောင့်ကြည့်မည်ဖြစ်သည်။

မဲဆွယ်စည်းရုံးမှုကာလမှ စတင်ကာ ကိုယ်စားလှယ်လောင်းများနှင့် ပါတီများကို မီဒီယာများက ထုတ်လွှင့်ဖော်ပြသော အချိန် အတိုင်းအတာ၊ စာမျက်နှာပမာဏ၊ ဖော်ပြသော အသုံးအနှုန်းတို့ကို ကိန်းဂဏန်းအသုံးပြုတိုင်းတာခြင်းဖြင့် ဆန်းစစ် မည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မီဒီယာများ၏ ဖော်ပြမှုကို ကျင့်ဝတ်ဆိုင်ရာနှင့် သတင်းစာပညာဆိုင်ရာ ရှုထောင့်မှလည်း ချိန်ထိုးအကဲဖြတ်မည်ဖြစ် ကြောင်း MDI က ထုတ်ပြန်သည်။

လွန်ခဲ့သော ၁၇ နှစ်အတွင်း နိုင်ငံပေါင်း ၅၀ တွင် မီဒီယာစောင့် ကြည့်လေ့လာရေးစီမံကိန်းလုပ် ဆောင်ခဲ့သော ဆလိုဗက်ကီးယားအခြေစိုက် MEMO98 ၏ နည်းစနစ် များကို MDI က အသုံးပြုမည်ဖြစ်သည်။

MDI ၏ မီဒီယာစောင့်ကြည့် လေ့လာရေးစီမံကိန်းကို ဥရောပသမဂ္ဂ၏ STEP Democracy စီမံ ကိန်းအတွင်းမှ Democracy Reporting International (DRI) နှင့် National Endowment for Democracy(NED) တို့က ပံ့ပိုးကူညီကြောင်းသိရသည်။

''ကျွန်တော်တို့က မီဒီယာတွေကိုပြန်စောင့်ကြည့်ပြီး ဝေဖန်အပြစ်တင်ဖို့မဟုတ်ဘူး။ မဲပေးမယ့် ပြည်သူတွေက မီဒီယာတွေဆီက ဘယ်လို အချက်အလက်တွေ ရသလဲဆိုတာ စံနှုန်းတချို့နဲ့ ချိန်ထိုး ကြည့်ခြင်းပါပဲ'' ဟု DRI ၏ မီဒီယာစောင့်ကြည့်လေ့လာရေး ကျွမ်းကျင်သူ MR Rasto Kuzel ကပြောသည်။

တွေ့ရှိချက်အစီရင်ခံစာများကို ပြည်သူ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ မီဒီယာများ၊ ပါတီများနှင့် နိုင်ငံ တကာအသိုင်းအ၀ိုင်းသို့ ဖြန့်ဝေမည်ဖြစ်ကြောင်း MDI က ထုတ်ပြန်သည်။ ''ကျွန်တော်တို့မီဒီယာကို မှန်တစ်ချပ်ထောင်ပြခြင်းပါပဲ''ဟု ၎င်းကဖွင့်ဆိုသည်။

 

7 Day Daily

No comments:

Post a Comment