Popular Posts

Thursday, February 14, 2013

မီးခိုးမထွက်သည့် ခရီးသွားစီးပွားရေးအတွက် အကြံပြုချက် သမ္မတကြီး သိစေလို

ရင်ဆိုင်ရမည့် ၂၀၁၃ ခရီးသွားလုပ်ငန်း

ဒီရေအလား တိုးတက်လာသော ခရီးသွားလုပ်ငန်းခွင်တွင် ၂၀၁၃ တွင် အလေးအနက်ထားရမည့် အခြေအနေများကို တစ်ပိုင်းစီ တင်ပြလိုပါသည်။

သယ်ယူပို့ဆောင်ရေး လုပ်ငန်း

ကားပါမစ်ကဲ့သို့ အပြိုင်အဆိုင်လိုင်စင်ချပေးထား သော ပြည့်ကျပ်နေသော လေယာဉ်များကို ည ၈ နာရီတွင် မင်္ဂလာဒုံလေယာဉ်ကွင်း၌ တွေ့မြင်ရမည်ဖြစ်သည်။ မင်္ဂလာဒုံ နှင့် မန္တလေး ကွင်းနှစ်ခုသာ လေယာဉ်ဆက်သွယ်ရေး ကရိယာလုံလောက်စွာ ရှိသည့် လက်ရှိအခြေအနေတွင် လေကြောင်း လိုင်းအတွက် လုံလောက်သော ဆက်သွယ်ရေး ကရိယာမရှိ၊ ကွင်းအနေအထား၊ မီးစုန်း လုံလောက် မှု့လုံးဝမရှိသော ယနေ့မြန်မာပြည်တွင် လေယာဉ်လိုင်းများကို အမြန်အဆန် တိုးချဲ့ခွင့်ပေးချင်သည် မမှောက်တတ်သေးသော ကလေးကို အပြေးအတင်းသင်နေသလိုပင် အန္တရာယ်များလွန်းလှသည်။ နမိတ်မရှိဟု အပြစ်တင်ချင်တင်ကြပါ။ အဆိုပါမြင်ကွင်းသည် Air Bagan ဖြစ်စဉ် နှင့် မတူညီသော အခြား accident ဖြစ်စဉ်နောက်တစ်ခုကို ကြိုတင်ဖိတ်ခေါ်နေသည်မှာတော့ အမှန် တစ်ရား ပင်ဖြစ်သည်။ မြန်မာပြည် ခရီးသွားလုပ်ငန်း တစ်ဟုန်ထိုး တိုးတက်လာချိန်တွင် မလိုလားအပ်သော အဖြစ်များထပ်မံမဖြစ်ပွားစေရန် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရမှ ကြိုတင်ပြင်ဆင်မှု့များ ယခုပင် ပြုလုပ်သင့်ပါသည်။
မီးခိုးမထွက်သော ဤ ခရီးသွားစက်ရုံကြီးမှ တိုင်းပြည်အတွက်ပေးလာမည့်ဝင်ငွေက နှစ်စဉ် ဒေါ်လာသန်းချီဖြစ်လာတော့မည်။ ထို ၀င်ငွေများပိုမိုတိုးတက်လာစေရန် အစိုးရမှ သက်ဆိုင်ရာ ဌာနများကို ပွင့်လင်းမြင်သာမှု့များဖြင့် ဘက်ဂျက်များချထားပေးဖို့လိုသည်။ လူအင်အား၊ငွေအင်အားဖြင့် အလုံးစုံကြိုတင်ပြင်ဆင်မှု့များ လုပ်ဆောင်ဖို့လည်းလိုပါသည်။
အရေးပေါ်ပြင်ဆင်ရန် လိုအပ်နေသော လမ်းများမှာ အင်္ဂလိပ်ခေတ်က ဆောက်လုပ်ခဲ့သော ပုဂံ-ကလော လမ်း ဖြစ်ပါသည်။ အဆိုပါလမ်းဟောင်းသည် ခရီးသွားလုပ်ငန်းရှင်များ၊ နိုင်ငံတစ်ကာ တစ်ကိုယ်တော် ခရီးသွားများ ယနေ့အချိန်ထိလက်မလွှတ်နိုင်သေးသော လမ်းကြောင်း ဖြစ်သည်နှင့်အညီ အဆိုပါလမ်းပိုင်းကို အကောင်းဆုံးပြင်ဆင်နိုင်ပါက ခရီးသွားလုပ်ငန်းအတွက် များစွာအထောက်အကူပြုမည်ဖြစ်ပါသည်။
ထို့အပြင် ၃၈ ကီလိုမီတာသာ ရှည်လျှားသော အောင်ပန်း နှင့် ပင်းတယလမ်းသည်လည်း အထက်ပါ ဖော်ပြချက်အတိုင်း အမြန်ပြင်ဆင်ပေးစေလိုပါသည်။
Professionalဧည့်လမ်းညွှန်မလုံလောက်မှု့

အိမ်နီးနားချင်းနိုင်ငံများပြီးလျှင် မြန်မာနိုင်ငံသို့အများဆုံးလာရောက်သည်မှာ ဥရောပလူမျိုးများ ဖြစ်ကြပြီး အဆိုပါခရီးသွားများသည် မိခင်ဘာသာစကားများကိုသာ ပြောသောလူမျိုးများဖြစ်ပါသည်။ ဟိုတယ် နှင့် ခရီးသွားလုပ်ငန်းမှ စာအုပ်တိုက်ကဲ့သို့ လှိမ့်ထုတ်နေသည့် ဧည့်လမ်းညွန် အမြန်ဖြစ်ရေးမှာ ရေတိုစီမံကိန်းတစ်ခုသာဖြစ်သည်။ နည်းလမ်းစနစ်တစ်ကျ သင်ယူခွင့်မရကြသည့် အခြေအနေအကြောင်းမျိုးမျိုးကြောင့် လိုက်ပါသွားသော အဆိုပါဧည့်လမ်းညွန်များအား တိုင်ကြားလွှာများကို ခရီးသွားလုပ်ငန်းများမှ လက်ခံရရှိနေပါသည်မှာ တိုင်းပြည်၏ ပုံရိပ်ကို ထိခိုက်လှပါသည်။
အမှန်ကန်ဆုံးနည်းလမ်းမှာ အဆိုပါ အသက်မွေးဝမ်းကြောင်းလုပ်ငန်းအတွက် အစိုးရမှ ဦးစီး၍ နိုင်ငံတစ်ကာမှ တတ်ကျွမ်း နားလည်သော ဆရာများ၊ ခရီးသွားလုပ်ငန်းအတွေ့အကြုံ မြောက်များစွာ ရှိသူများကို လစာမြင့်မားစွာပေးထားမည့် အဆင့်မြင့်ကျောင်းတစ်ခု အမြန်ဆုံးပေါ်ပေါက်ဖို့ လိုပါသည်။

ဝင်ဆောင်မှု့ညံဖျင်းသောHotelsများ
လက်ရှိအခြေအနေတွင် နိုင်ငံတစ်ကာ ခရီးသွားများသည် မိမိပေးသောငွေနှင့် (လုံးဝ)မမျှတသော ၀င်ဆောင်မှု့ကို ရရှိခဲ့သောကြောင့် ယခု ၆ လအတွင်းတွင် ခရီးသွား forum ရှိစာမျက်နှာများပေါ်တွင် မြန်မာပြည်၏ လက်ရှိခရီးသွားလုပ်ငန်းအခြေအနေကို အလွန်အမင်းရှုံ့ချရေးသားကြပါသည်။
ထိုကဲသို့သော မတန်တဆဈေးနှုန်းများ၊ ၀န်ဆောင်မှု့အားနည်းချက်များကို အစိုးရမှ ထိမ်းသိမ်း ကိုင်တွယ်ခြင်းမရှိပါက အပျက်ပျက်နှင့် နားခေါင်းသွေးထွက်တော့မည့် ကိန်းဆိုက်နေပါသည်။
Landmarks
နိုင်ငံတစ်ခုတွင် Landmarks ရှိသကဲ့သို့ ရွှေတိဂုံစေတီတော်၊ ကျိုက်ထီးရိုး၊ မဟာမုနီရုပ်ပွားတော် တို့သည် မြန်မာပြည် ၏ အထင်ကရ နေရာများပင်ဖြစ်သည်။ ရွှေတိဂုံစေတီတော် နှစ်၂၀၀၀ ပွဲ ကျင်းပစဉ်က လှပသော မီးဆိုင်းများ စဉ်ငြမ်းထားသည်ကို နိုင်ငံတစ်ကာ ခရီးသွားများအား ပြသခဲ့ကြသည်။ အဆိုပါ ပွဲကြီး ပြီးစီးသွားသောလည်း ထိုမီးဆိုင်းများကို ဆက်လက်ထားရှိသည်ကို တွေ့မြင်ရပါသည်။ ကျက်သရေ မင်္ဂလာနှင့် ပြည်စုံမှု့အတိရှိသော ရွှေတိဂုံစေတီတော်ကြီးသည် အဆိုပါ မီးဆိုင်းများကြောင့် စေတီတော် ၏ ဂုဏ်အင်္ဂါကို ညိုးငယ်စေပါသည်။ နိုင်ငံတစ်ကာ ခရီးသွားများကလည်း Disney land နှင့်တူသည် ဟု တစ်ပြိုင်နက်တည်း မှတ်ချက်ချပါသည်။
အဆိုပါမှတ်ချက်ကို အတည်ပြုချင်သည်ဆိုပါက ရွှေတိဂုံဘုရားအဆင်းတွင် အဆိုပါကိစ္စရပ်အား ည ၈ နာရီခန့်တွင် တောင်ဘက်မုခ်မှနေ၍ နိုင်ငံခြားသားများ ၏မှတ်ချက်ကို ကောက်ယူပါက သိရမည်ဖြစ်ပါသည်။
Information
အထင်ကရ ကျိုက်ထီးရိုးစေတီတော်ကြီး ငြမ်းဆင်ပြင်ဆင်သည့် ကိစ္စကို ခရီးသွားလုပ်ငန်းရှင်များသည် လပိုင်းအလိုမှ သိရပါသည်။ အကယ်၍ ၆ လခန့်ကြိုတင်သိထားပါက ခရီးစဉ်များကို ကြိုတင်ပြောင်းလဲချိန်ရမည်ဖြစ်ပြီး ခရီးသွားများ ၏ မကျေနပ်မှု့တို့ကိုလည်း ခံစားရတော့မည် မဟုတ်ချေ။
မကြာမီ ကျင်းပတော့မည့် sea game အတွက် ယခုအချိန်အထိ တိကျသော Information များမရရှိသေးပါ။ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်၏ ပံပိုးကူညီမှု့သည် အဓိက အရေးကြီးပါသည်။
နိဂုံးချုပ်ပြောလိုသည်မှာ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့သွားနေသော ယနေ့မြန်မာနိုင်ငံတော်တွင် ကြီးမားသော ရာထူးတာဝန်များကိုယူထားသော ပုဂ္ဂိုလ်အသီးသီးတို့သည် good speaker များဖြစ်ကြပါက good listener များလည်းဖြစ်ဖို့လိုပါသည်။ လုပ်ငန်းခွင်တစ်ခုတွင် အတွေ့အကြုံရှိ သိကျွမ်းနားလည်သူများ၏ သုံးသပ်ချက်များကို အလေးထား၍ ခွဲခြားစိတ်ဖြာတတ်ရန် နှင့် မိမိတာဝန်ကို ယူတက်ရန်လည်း အရေးကြီးပါသည်။
ရာထူးတာဝန် ပေးအပ်နှင်းခံရခြင်းသည် ထိုတာဝန်အား လုပ်ဆောင်နိုင်မည်ဟု အစိုးရက ယူဆ၍ တာဝန်ပေးအပ်ခြင်းခံရခြင်းသာ ဖြစ်သောကြောင့် တာဝန်ကိုကျေပြွန်စွာ ရွက်ဆောင်နိုင်သော ပုဂ္ဂိုလ်ဖြစ်မှသာ အဆိုပါလုပ်ငန်းနှင့်ဆက်စပ်သော သူများက ၎င်းပုဂ္ဂိုလ်အား ယုံကြည်အားကိုးပြီး အလေးထားတန်ဖိုးထားမည် ဖြစ်ပါ၏ ။
ယနေ့ဆောင်းပါးအား နိုင်ငံတော် သမ္မတကြီးရုံးသို့ တိုက်ရိုက်ပေးပို့မည် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ၂၀၁၂ voice ဂျာနယ် အတွဲ ၈/ နံပါတ်-၇ တွင် ခရီးသွားလုပ်ငန်း ၏ အရေးတစ်ကြီး ပြုပြင်ပြောင်းလဲရန် လိုအပ်ချက်များ ဆောင်းပါးကို ရေးသားခဲ့ဖူးသော်လည်း အချိန်တွေသာကုန်သွား၍ ပြောင်းလဲမသွားပါ။
ယခုဆောင်းပါးအား နိုင်ငံတော် သမ္မတကြီးသာဖတ်မိလျှင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းကြီးသည်
အပြောင်းအလဲများဖြစ်ပေါ်လာနိုင်မည်ဟု ယုံကြည်ပြီး ဤ ခရီးသွားလုပ်ငန်း နှင့် ဆက်စပ်နေသူအားလုံးလည်း သာတူညီမျှ ခံစားနိုင်ရန်မျှော်လင့်ထားပါသည်။


မေတ္တာဖြင့်
သတိုးသူဇာအောင်

မမသတိုး၏ https://www.facebook.com/thatoe.thuzaraung မှ မူရင်းအတိုင်းကူးယူဖေါ်ပြသည်။

No comments:

Post a Comment