Popular Posts
Wednesday, May 14, 2014
အင်အားပြိုင်ဆိုင်မှုများနေသည့် ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်များ
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ် လုံခြုံရေး၊ အနီးကပ် ကင်မရာ နှင့် ဗီဒီယို၊အနီးကပ် ကိုယ်ရေးအဖွဲ့  ၊ အနီးကပ်လူငယ်အဖွဲ့  စသည်ဖြင့် အုပ်စုလေးများဖွဲ့ ကာ ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်နေရာ ရရှိရေးအတွက် အားပြိုင်လျှက်ရှိသည်။
နာယက တစ်ဦးဖြစ်သူ ကွယ်လွန်သူ ဘဘ ဦးဝင်းတင် ၏ အနီးကပ်အဖြစ် ရွှေ ပြည် တန် ဂျာ နယ် မှ ကိုကျော်အောင် ကို တွေ့ ရသည်။  ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်များထဲမှ တစ်ဦးဖြစ်သည့် ကျော်စိုးနိုင် (ခ) ဘောကြီး ကို ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ် တာဝန် နှင့်အတူ မြန်မာနိုင်ငံ သတင်းတပ်ဖွဲ့ ၏ နိုင်ငံကူးလက်မှတ်အမြန်ဆောင်ရွက်ပေးသူ (နေ့ ချင်းပြီးဆောင်ရွက်ပေးသူ) အ ဖြစ်နှင့် ပြည်ပထွက်ခွာသူများအကြားနှင့် နိုင်ငံကူးလက်မှတ် အမြန်ဆောင်ရွက်ပေးသူ ပွဲစားများအကြား တွေ့ မြင် ကြားသိနေရသည်။
ယင်းအပြင် ဦးဝင်းထိန် အနီးကပ်အဖြစ်ဆောင်ရွက်နေသူများမှာလည်း မူလနိုင်ငံရေးပုံရိပ်ကိုဖျောက် ကာ တပ်မတော်သားဟောင်းများ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပါတီဝင် နှင့် အရွေးချယ်ခံကိုယ်စား လှယ်များအဖြစ်ဆောင်ရွက်ရေးတို့ ကို အားသွန် ဆောင်ရွက်နေသူများအဖြစ်တွေ့ မြင်နေရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်တာဝန်ထမ်းဆောင်နေသူ ဓါတ်ပုံဆန်နီ ကို ထုတ်ပယ်ခြင်းနှင့် ပတ် သက်၍ နီးစပ် သူများကို စုံစမ်းမေးမြန်းရာတွင် ပြည်ပနိုင်ငံသို့ သွားရောက်မှာဖြစ်သည့်အတွက် ဒေါ် အောင်ဆန်းစုကြည် ၏ နေအိမ်ခြံဝင်းအတွင်းသို့ ဝင်ထွက်ခြင်း တာဝန်မှ ထုတ်ပယ်ခြင်းဖြစ်ကြောင်း၊ ပါတီ ၀င်အဖြစ်မှ ထုတ်ပယ်ခြင်းမဟုတ်ကြောင်း သိရသည်။ သို့ သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့   ချုပ် လူငယ်များအကြားတွင် ဦးဝင်းထိန်မှ ထုတ်ပယ်ခြင်းဖြစ်သည့်အတွက် ဦးဝင်းထိန်မှ ကိုဆန်နီအား ပြည်ပတွင် လုံခြုံရေးဆိုင်ရာ သင်တန်း/ လက်နက်ငယ်သင်တန်းများ တက်ရောက်ရန်စေလွှတ်ခြင်း ဖြစ်နိုင်ကြောင်း ဝေဖန်ပြောဆိုမှုများရှိနေသော်လည်း ကိုဆန်နီနှင့်အိမ်နီးချင်းများက ကိုဆန်နီမှ ဒေါ်အောင်ဆန်းစုကြည် အနီးကပ်တာဝန်ထမ်းဆောင်နေသူများတွင် သတင်းတပ်ဖွဲ့ မှ လစာရိက္ခာ ရယူ ဆောင်ရွက်နေသူများ၊ စစ်ဖက်ရေးရာအဖွဲ့ များ၏ လစာရိက္ခာ ရယူဆောင်ရွက်နေသူများ၊ ဗကပဟောင်း များဖြင့် ရှုပ်ထွေးပွေလီလျှက်ရှိနေကြောင်း၊ တပ်မတော်သားဟောင်းအရာရှိ ဟောင်းများ ဆိုသူများကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အတွင်း ထိုးဖေါက်၍ နေရာယူမှုများရှိနေကြောင်း၊ ပါတီ ထိပ်တန်းခေါင်းဆောင်တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားဟောင်းဆိုသူများကို ယုံကြည်ခက်ခဲသည့် အချိန်အခါသို့ ရောက်ရှိနေကြောင်း ဝေဖန်ပြောဆိုလျှက်ရှိကြသည်။
ဖေ့ဘုတ်လူမှုကွန်ယက် စာမျက်နှာများတွင်ဖေါ်ပြချက်များ ---
" ကျနော်နှင့် ဓာတ်ပုံကိုဆန်နီ "
ကိုမာကီ(၈၈မျိုးဆက်)
အလွန် သဘောကောင်းတဲ့လူ။ အားနာစရာကောင်းလောက်အောင်ကို ကူညီတတ်တဲ့လူ။ သူ့ကျတော့ အမြင်ကပ် လောက်အောင်ကို အားနာတတ်တဲ့လူ။ တက္ကသိုလ်ဘွဲ့ရ၊ ပညာ တတ်။ ဓာတ်ပုံပညာရှင်။ ဒါပေမဲ့ မာန်မာနမထား။ ဟိတ်ဟန် မရှိ။ သူ့ကြည့်လိုက်တိုင်း ပြုံးပြုံး ပြုံးပြုံးနဲ့ အလွန်ဖော်ရွေတဲ့လူ။ အလွန် အလုပ်လုပ်နိုင်တဲ့လူ။ တစ်ချိန်က ရုပ်ရှင် လောကမှာ "ဓာတ်ပုံဆန်နီ" ရယ်လို့ အထင်ကရ ရပ်တည်ခဲ့သူ။ ကျနော်တို့က ချစ်စနိုး ခေါ်တော့ ကိုကြီးဆန်။ ဘကြီးဆန်။
ကိုဆန်နီရဲ့နာမည်အရင်းက ကိုခင်မောင်ဝင်းပါ။ ဟိုးအရင်ကတည်းက NLD ရဲ့ ကင်မရာသမားတစ်ယောက်။ ၁၉၉၅ ခုနှစ်၊ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် ပြန်လည်လွတ်မြောက်လာတော့လည်း၊ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းတွေ နေ့စဉ်ရိုက်ကူးပေးခဲ့သူ။ အဲဒီ့ကာလတွေ မှာ ကိုကြီးဆန်နီကို မြင်တွေ့ မျက်မှန်းတန်းမိနေပေမယ့်၊ ခင်မင်ရင်းနှီးခွင့်တော့ မကြုံခဲ့ ပါဘူး။ ၁၉၉၆ခုနှစ်မှာတော့၊ နဝတစစ်အစိုးရရဲ့ အချစ်တော်စာရင်း ဝင်ဖြစ်ပြီး အလုပ်နဲ့ ထောင်ဒဏ်(၁၀)နှစ်ကျတယ်။ အမှုကတော့ နိုင်ငံရေးလှုပ်ရှားမှု ဓာတ်ပုံ၊ဗီဒီယိုတွေ ရိုက်ကူးဖြန့်ချိလို့ တဲ့။ ဗီဒီယိုအက်ဥပဒေနဲ့ အရေးယူခဲ့တာပါ။ သူ့အမှုတွဲက ကိုစိန်အုန်း။ ထောင်တွေ ပြောင်းရွှေ့ရတဲ့အခါ၊ ကိုစိန်အုန်းက မန္တလေး ထောင်ရောက်ပြီး၊ ကိုဆန်နီက ကလေးထောင်ရောက်တယ်။ အဲဒီ့မှာ အကျဉ်းသားအခွင့်အရေးတွေ၊ ဘာတွေ ဆန္ဒပြ တောင်း ဆိုလို့ထင်ပါရဲ့ ထောင်တွင်းပြစ်မှုအရ၊ လူသူအရောက်အပေါက် ခက်ခဲလှတဲ့ ခန္တီးထောင်ကို ထပ်အပို့ခံခဲ့ရတယ်။ ၂၀၀၅ခုနှစ် မှာတော့ ပြည်ထဲရေးဝန်ကြီးရဲ့အမိန့် (လွတ်ငြိမ်းချမ်းသာခွင့်)နဲ့ ပြန်လွတ်တယ်။
ကိုကြီးဆန်နဲ့ ခင်မင်ရင်းနှီးခွင့်ကြုံရတာကတော့ ကျနော်တို့တတွေ Class mate အဖြစ်နဲ့ပါ။ ကိုကြီးဆန်က ကျနော့် ထက် အသက်(၁၀)နှစ်လောက်ကြီးမယ်ထင်ပါတယ်။ Class mate ဖြစ်ရတာကတော့ ကွန်ပျူတာအခြေခံသင်တန်းတစ်ခုကို ၂၀၀၅ခုနှစ်မှာ အတူတူတက်ဖြစ်ခဲ့ကြလို့ပါပဲ။ လွတ်မြောက်လာတဲ့နိုင်ငံရေး အကျဉ်းသားတွေကို ရန်ကင်းဆယ့်နှစ်လုံးတန်းက ဆရာဦးမြင့်ဆွေနဲ့အန်တီငယ်(ဆရာမဒေါ်ငယ်မမသန်း) တို့ရဲ့ Pearl Computer Centre က(အဲဒီ့ကာလ၊ အလွန်ကျပ်တည်းနေစဉ်ကတည်းက) အခမဲ့သင်တန်းတွေပေးနေတာပါ။ ကျနော်တို့တက်ဖြစ်တဲ့အတန်းမှာလည်း နိုင်ငံရေး အကျဉ်းသားဟောင်းတွေပဲများပါတယ်။ ဦးခင်မောင်ကြည်(မွန်)၊ ကိုကြီးဆန်နီ၊ ပဏ္ဍိတ်ထွန်း၊ ကြည်သာငြိမ်း၊ အောင်လတ် စသူတို့ ပါပါတယ်။ ဆရာနဲ့ဆရာမတို့ ရဲ့ကျေးဇူးကြောင့်ပဲ ကျနော်တို့တတွေ ကြီးကောင်ကြီးမားကျမှ ကွန်ပျူတာဆိုတာနဲ့ ထိတွေ့ယဉ်ပါးခွင့်ရခဲ့ ကြတာပါ။ အရင်ကတော့ ကွန်ပျူတာဆိုတာ တီဗီနဲ့လက်နှိပ်စက်နဲ့ တွဲထားတယ်ဆိုတဲ့အသိလောက်ပဲ ရှိခဲ့ကြတာ မဟုတ် လား။ ကျောင်းသင်ခန်းစာနဲ့၊ သင်ယူလေ့ကျင့်မှုနဲ့ နှစ်ပေါင်းများစွာဝေးကွာခဲ့ရတာမို့ ကျနော်တို့တတွေ အတော်ပဲ အားစိုက်ခဲ့ရ ပါတယ်။ ကျနော့်ထက်အသက်ကြီးတဲ့ ကိုကြီးဆန်ဆို အတော်လေးကိုဇွဲ ကောင်းပါတယ်။ ငါတို့မဖြစ်မနေ တတ်မြောက်ရမယ် ဆိုတဲ့ တွန်းအားကလည်း ရှိနေ ကြတာမဟုတ်လား။
ကိုကြီးဆန်နီနဲ့ Class mate ဖြစ်ရတယ်ဆိုပေမယ့်၊ သင်တန်းမစခင်နဲ့ သင်တန်း အပြီးမှာ အားလုံးစုပြီး လက်ဖက်ရည် ဆိုင်ထိုင်ရင်း စကားပြောဖြစ်ကြတာလောက်ပါပဲ။ တစ်ယောက်နဲ့တစ်ယောက် ပိုပြီးခင်မင်ကြဖို့ အကြောင်းဖန်လာတာကတော့ ဓာတ်ပုံတွေ နဲ့ပဲ ပတ်သက်ပါတယ်။ နယ်မှာနေတဲ့ ကျနော့်ရဲ့တူမလေးတစ်ယောက်က ရန်ကုန်တက္က သိုလ်မှာ ဘွဲ့လာယူတယ်။ 2mp ကင်မရာလေးနဲ့ ဟန်ရေးပြနေတဲ့ဦးလေးဖြစ်သူကို အကူညီတောင်းတယ်။ လက်စွမ်းပြချင်နေတဲ့ကျနော်ကလည်း ရဲရဲ ကြီးတာဝန်ယူပြီး ရိုက်ပေးခဲ့တယ်။ 2mp ဆိုပေမယ့် Out-door ဆိုရင်တော့ ပုံထွက်ကအတော်လေး ကောင်းပါတယ်။ ဖြစ်ချင်တော့၊ ကျနော်က အဲဒီ့ Digital ကင်မရာလေးကို ပထမဆုံး ကိုင်ဖူးတာ။ ကင်မရာရဲ့ မီနူးတွေ၊ ဆက်တင်တွေကိုလည်း ဘာမှမလုပ်တတ်သေးဘူး။ တူမလေးဘွဲ့ယူတဲ့နေ့က ကွန်ပျူတာသင်တန်းရက်မို့၊ မနက်ပိုင်းမှာ ဓာတ်ပုံသွားရိုက်ပေး ပြီးတာနဲ့ သင်တန်းကို ဆက်သွားတယ်။
ရန်ကင်းဆယ့်နှစ်လုံးတန်းက ထိုင်နေကျ အိပ်မက်ချိုလက်ဖက်ရည်ဆိုင်မှာ ကိုကြီးဆန်နီတို့ ရောက်နေပြီမို့ သွားဝင်ထိုင်တယ်။ ကျနော်ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေကို ဝိုင်းကြည့်ကြတယ်။ ကိုကြီးဆန်နီက ကျနော့်ထက် သဘာရင့်သူမို့ ကင်မရာထဲက ဆက်တင်တွေကို ပြင်ပေးတယ်။ အဲဒီ့မှာ Delete နှိပ်မိပြီး ဓာတ်ပုံတွေအားလုံး ပျက်ကုန် ပါလေရော။ ကျနော်တို့လည်း နားမလည်၊ ပါးမလည်နဲ့ တောင်နှိပ်၊မြောက်နှိပ် လုပ်ကြည့် ကြပါသေးတယ်။ (အဲဒါကြောင့် ပိုဆိုးသွားတယ်)။ ပုံတွေက လုံးဝကိုပြန်ပေါ်မလာတော့ ပါဘူး။ ကိုကြီးဆန်လည်း မျက်စေ့မျက်နှာကို ပျက်လို့။ မရတဲ့အဆုံးမှာ ဆရာဦးမြင့်ဆွေ ဆီယူသွားတော့၊ ဆရာက Discovery software တွေဘာတွေနဲ့ ပြန်ဖော်ဖို့ ကြိုးစားပေး ပါသေးတယ်။ ဒါပေမဲ့ မရတော့ပါဘူး။
အိမ်ရောက်တော့အကြောင်းစုံပြောပြတဲ့အခါ တူမလေးခမျာလည်း ကျူကျူပါ အောင် ငိုရှာပါတယ်။ သူ့အတွက်ကလည်း တစ်သက်မှတစ်ခါ အမှတ်တရမို့လား။ ကိုကြီးဆန်ကတော့ သူ့ကြောင့်ဖြစ်ရပါတယ်ဆိုပြီး ကျနော့်ကို အားနာလို့မဆုံးတော့ပါဘူး။ မတော် တဆဖြစ်ရတာဆိုတော့ ကျနော့်မှာလည်း " စိတ်မကောင်းမဖြစ်ပါနဲ့ ကိုကြီးဆန် ရာ " လို့ ဖြေသာအောင်ပြောရုံမှ တစ်ပါး ဘာမှမတတ်နိုင်ခဲ့ပါဘူး။
အဲဒီ့အဖြစ်အပျက်လေးဟာ ကျနော်နဲ့ ကိုကြီးဆန်နီတို့ရဲ့ခင်မင်မှုကို မထင်မှတ်ဘဲ ခိုင်မာအောင် ချည်နှောင်လိုက်သလိုပါပဲ။
၂၀၀၅-၂၀၀၇ခုနှစ်အတွင်း ၈၈မျိုးဆက်ကျောင်းသားများရဲ့နိုင်ငံရေးလှုပ်ရှားမှု တွေမှာ ကျနော်က ပြန်ကြားရေး အနေ နဲ့ သတင်းမှတ်တမ်းတွေ တာဝန်ယူရပါတယ်။ ပြည်ပသတင်းဌာနတွေဆီလည်း တရားမဝင်(လျှို့ဝှက်) ပို့ပေးခဲ့ပါတယ်။ နိုင်ငံရေးလှုပ် ရှားမှုတွေ အရှိန်မြင့်လာတဲ့အခါမှာတော့ ကျနော်တစ်ယောက်တည်း ဘယ်လိုမှ မနိုင် တော့ပါဘူး။ အဲဒီ့အခါ ကိုကြီး ဆန်နီကို အကူညီတောင်းရပါတယ်။ အကူညီတောင်းတဲ့ အခါတိုင်းလည်း တစ်ခါမှမငြင်းခဲ့ဖူးပါဘူး။ နောင်တော့လည်း ကျနော်ရယ်၊ ကိုကြီးဆန် ရယ်၊ အောင်လတ်ရယ်က ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ရဲ့ ပင်တိုင်ကင်မရာသမား တွေလို ဖြစ်လာပါတယ်။ အဲဒီ့ကာလဟာ ကင်မရာကိုင်ရတာတောင် အန္တရာယ်ရှိတဲ့အခြေ အနေပါ။ နိုင်ငံရေး၊ လူမှုရေးအခမ်းအနားတစ်ခုခုမှာ ကင်မရာကိုင်တဲ့သူတွေကလည်း များများစားစား မရှိသေးပါဘူး။ ဒီတော့ ကင်မရာကိုင်တဲ့သူက လူအများရဲ့အလည်မှာ ထင်း ထင်းကြီးပါ။ အရဲစွန့်ပြီး ကင်မရာကိုင်ခဲ့ကြရတာပါ။ တစ်ခါတလေမှာလည်း နယ်ခရီး တွေကို ကျနော်မလိုက်ပါနိုင်လို့၊ ကျနော့် အစားလိုက်ပေးဖို့ အကူညီတောင်းတဲ့ အခါတွေ မှာလည်း မညည်းမညူလိုက်သွားပေးပါတယ်။ လူချစ်လူခင်များတဲ့ သူမို့၊ ကိုကြီးဆန်ကို ကျနော်တို့တစ်ဖွဲ့လုံးကလည်း ခင်မင်ကြပါတယ်။
တစ်ခါတော့ ကျနော် ကိုကြီးဆန်ဆီကို ဖုန်းဆက်ပါတယ်။ "ကိုကြီးဆန် အားလား" "အေး၊ အားပါတယ်" "အဲဒါဆို၊ ခရီးထွက်ရအောင်ဗျာ " "အေး လိုက်မယ်လေ၊ ဘယ်ကို လဲ၊ ဘယ်တော့လဲ" "မဲဆောက်ကို၊ အခုသွားမှာ" "ဟာကွာ၊ မင်းကလည်း ကြိုတော့ မပြောဘူး"
ဒါပေမဲ့ ချက်ချင်းဆိုသလိုပဲ ရောက်အောင်လာပါတယ်။ ကိုကြီးဆန်ဆိုတာ အဲလို လူမျိုးပါ။ အကူညီပေးဖို့ဆိုရင် ဝန်မလေး တတ်တဲ့သူ။ သူတစ်ပါးအကျိုးကို ဖြည့်ဆီးပေးဖို့ ရာ အမြဲတမ်းအဆင်သင့်ဖြစ်နေတတ်သူ။ တစ်ခါကတော့၊ ကိုကြီးဆန်နဲ့ကျနော်တို့ မန္တလေး၊ မုံရွာခရီးကို အသေချာစီစဉ်ပြီး လျှို့ဝှက်သွားခဲ့ကြပါတယ်။ မှတ်မှတ်ရရ၊ ၂၀၀၇ခုနှစ်၊ မေလလယ်လောက်။ ဒီပဲရင်းအကြမ်းဖက်မှုအတွက် မှတ်တမ်းမှတ်ရာတွေ ရနိုင်သလောက် သွားယူကြတာပါ။ မန္တလေး NLD က ကိုမျိုးနိုင်၊ ကိုဝဏ္ဏနဲ့ DVB က အောင်အောင်တို့က ကူညီခဲ့ကြပါတယ်။ ဒါပေမဲ့ ရောက်တဲ့နေ့၊ တည်းခို ခန်းမှာစာရင်း သွင်း ကတည်းက ထောက်လှမ်းရေးတွေက သိကုန်ကြပါတယ်။ ထောက်လှမ်းရေး တစ်ယောက်ဆိုရင် ကျနော်တို့ တည်းတဲ့အခန်းရဲ့မျက်စောင်းထိုးအခန်းမှာကို လာအိပ် ပြီးစောင့်ကြည့်ပါတယ်။ မနက်အစောကြီး လေးနာရီလောက်မှာနှိုးပါ ဆိုတော့လည်း၊ တည်းခိုခန်းက ကျေးဇူးရှင်များက ထောက်လှမ်းရေးကိုပါ နှိုးပါတယ်။ ကျနော်နဲ့ ကိုကြီးဆန်တို့ တည်းခိုခန်း ကထွက်တော့လည်း အနောက်ကနေ ဆိုင်ကယ်နဲ့ပါလာ ပါတယ်။ ဒီတော့ ကျနော်နဲ့ကိုကြီးဆန် နှစ်ယောက်ပေါင်းပြီး လှည့်ကွက်ဖန်တီးရပါတယ်။ ရန်ကုန်ကို ပြန်ကြတော့မယ့်ပုံစံပေါ့။ ရန်ကုန်ကို ခြောက်နာရီထိုးထွက်မယ့် ရထားလက် မှတ်ပေါက်မှာ ကျနော်တို့နှစ်ယောက် သွားတန်းစီကြတယ်။
နှစ်ယောက်စလုံးတန်းစီလိုက်။ တစ်ယောက်တစ်လဲ တန်းစီလိုက်နဲ့၊ စောင့်ကြည့် နေတဲ့ ထောက်လှမ်းရေးကို မျက်စေ့ရှုပ်အောင်လုပ်တယ်။ အောင်အောင်တို့ဆီကို ဖုန်းဆက်ပြီး အချိန်အတိအကျ လှမ်းချိန်း တယ်။ လက်မှတ်စရောင်းပြီ။ ကျနော်တို့ လူတန်းကြီး စရွေ့ပြီဆိုတော့၊ ထောက်လှမ်းရေးက ကျနော်တို့ပြန်မှာသေချာပြီလို့ တွက်ဆလိုက်ပုံရပါတယ်။ ခပ်လှမ်းလှမ်းမှာ ဖုန်းသွားဆက်ပြီး သတင်းပို့နေတယ်။ အဲဒီ့အချိန်မှာ ကျနော်နဲ့ကိုကြီးဆန်တို့ မန္တလေးဘူတာကြီး အပေါ်ထပ်ကို ပြေးတက်ပြီး စားသောက်ဆိုင်ထဲ ဝင်နေလိုက်ကြတယ်။ ချိန်းထားတဲ့ကားအလာမှာ အပေါ်ထပ်ကနေ ခပ်သုတ်သုတ်ပြေးဆင်းပြီး၊ Light Truck ကားနောက်ခန်းက ကြမ်းပြင်ပေါ်မှာ ဝပ်နေ လိုက်ကြတယ်။ စိတ်ချရမယ့်နေရာရောက်တော့ ကားခေါင်းခန်းမှာစီးလာတဲ့ အောင်အောင်က ပြန်ပြောပြတယ်။ "လက်မှတ်ရောင်းတဲ့ နေရာမှာ ထောက်လှမ်းရေး တစ်ယောက်တော့ ပျာယာခတ်နေတာပဲ" တဲ့။ မှတ်ကရောဟဲ့ …. ။
ကျီရွာကိုရောက်တော့ အခြေအနေက မကောင်း။ ဒီပဲယင်းလုပ်ကြံမှုဖြစ်တာ (၄)နှစ်လောက်ရှိခဲ့ပေမယ့်၊ မုံရွာ-ရေဦး ကားလမ်းပေါ်မှာ ခြောက်ကပ်နေဆဲ။ ကျီရွာ ပတ်ဝန်းကျင်မှာ ရွာသူရွာသားတွေက အထိတ်တလန့်ဖြစ်နေကြဆဲ။ ဘယ်ကား၊ ဘယ်ယာဉ်မှ အသွားအလာသိပ်မရှိတော့၊ ကျနော်တို့ကားကိုပဲ အထူးအဆန်းသဖွယ် ဝိုင်းကြည့်နေကြဆဲ။ မှတ်တမ်းယူမယ့် ကျနော်တို့အတွက် ပိုပြီးအခက်အခဲဖြစ်စေတာ ကတော့ မုံရွာမြို့ကနေစပြီး အခင်းဖြစ်ခဲ့တဲ့ ကျီရွာအထိ မထင်မှတ်ဘဲ ရေကြီး နေတာ ပါပဲ။ ဒီပဲယင်းအကြမ်းဖက်မှုမှာ အထင်ကရဖြစ်ခဲ့တဲ့၊ကျီရွာအလွန်ချောင်းဘေးနားက ဆည်မြောင်းဝင်းဆိုတာကလည်း ရဲစခန်းဖြစ်နေပြီ။ ကျနော်တို့ကား ရပ်လိုက်တော့ ရဲတွေရော၊ ရွာသားအချို့ရော ခပ်လှမ်းလှမ်းကနေ ဝိုင်းကြည့်နေကြတယ်။ ကျနော်တို့က ကားပျက်သလိုလိုနဲ့ ကားကို ဟိုနှိုက်၊ ဒီနှိုက်လုပ်တုန်းမှာ ကိုကြီးဆန်က ကားနဲ့ကွယ်ပြီး ရနိုင်သလောက် Video မှတ်တမ်းတွေ ရိုက်တယ်။ အပြန်မှာတော့ မုံရွာ-ရေဦး ခရီးသည် ကားတစ်စီးတွေ့တယ်။ လမ်းတလျှောက်လုံး အဲဒီ့တစ်စီးနဲ့ပဲ ဆုံခဲ့ရတယ်။
အမရပူရကို ညနေစောင်းမှာ ပြန်ရောက်။ ဒီပဲယင်းအကြမ်းဖက်မှုမှာ လူရော၊ ကားရော အထိနာခဲ့တဲ့ အမရပူရ NLD ဦးလှမြင့်တို့သားအဖတွေနဲ့တွေ့။ အချက် အလက်အထောက်အထားတွေယူ။ အဲဒီ့ည မန္တလေးမှာ တည်းခိုခန်းအသစ် ပြောင်းပြီး တည်း။နောက်တစ်နေ့မနက်ကျတော့ ဒေါ်ဝင်းမြမြရဲ့အိမ်မှာ တွေ့ဆုံမေးမြန်းခန်းတွေလုပ်။ အဲဒီ့ဖြစ်စဉ်မှာ ဒေါ်အောင် ဆန်းစုကြည်စီးတဲ့ကားကိုမောင်းတဲ့ ကိုကျော်စိုးလင်းနဲ့ သူ့ရဲ့ ညီမလေးကတော့ ရန်ကုန်မှာရောက်နေကြလို့၊ ကျနော်တို့ ရန်ကုန်ပြန်ရောက်မှပဲ ဆုံကြ ရတယ်။ အဲဒီ့မှတ်တမ်းတစ်ခုလုံးကို ကိုကြီးဆန်ပဲ အစအဆုံး ရိုက်ပေးခဲ့တာပါ။
၂ဝဝ၇ခုနှစ်၊သြဂုတ်လ။ ကျနော်တို့ အဖမ်းခံရတဲ့အခါမှာ၊ ကိုကြီးဆန်လည်း ခနလောက်တော့ ရှောင်တိမ်းနေရပါသေးတယ်။ ကျနော်အဖမ်းခံရရင် ကိုကြီးဆန်၊ ကိုသိန်းလွင်နဲ့အောင်လတ်တို့က ရှောင်ရမယ်ဆိုတာ နားလည်ထားကြပြီးသားလေ။ စစ်ကြောရေးမှာ တချို့သောမေးခွန်းတွေအတွက် မဖြစ်မနေ ဖြေဖို့လိုအပ်လာရင်၊ တစ်ယောက်ယောက်ကို ဖော်နိုင်အောင်လို့ပါ။ ဖော်လည်း ဖော်ခဲ့ရပါတယ်။ " ကိုဂျပန်" ဆိုတာ ကိုဝင်းမော်(ရွှေသံစဉ်)ပါလို့ ဖြေလို့မဖြစ်တော့၊ ကိုသိန်းလွင်ပါဆိုပြီး ဖြေပေးခဲ့ ရတာပေါ့။ ဒါပေမယ့် စက်တင်ဘာလ၊ ရွှေဝါရောင်တော်လှန်ရေးဖြစ်လာတော့ ကိုကြီး ဆန်လည်း ကြာရှည်ပုန်းအောင်းပြီး မနေနိုင်တော့ဘူးနဲ့တူပါတယ်။ ငြိမ်းချမ်းစွာဆန္ဒပြနေ တဲ့ ရဟန်းသံဃာတော်တွေနဲ့ လူထုကြီးရှေ့မှာ ကင်မရာတစ်လုံးနဲ့ ပြန်ပေါ်လာတယ်။ ရွှေဝါရောင်တော်လှန်ရေးကို ကမ္ဘာကျော်အောင်စွမ်းဆောင်နိုင်ခဲ့သူတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ခဲ့တယ်။
အဲဒီ့လို ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့သူတွေကို အကြမ်းဖက်ပစ်ခတ်ခဲ့တဲ့ စက်တင် ဘာလ(၂၇)ရက်နေ့မှာတော့ ကိုကြီးဆန်လည်း အဖမ်း ခံခဲ့ရပါသေးတယ်။ ပြေးကြလွှား ကြတဲ့ လူအုပ်ကြီးထဲမှာ အလဲလဲအပြိုပြိုဖြစ်ခဲ့တဲ့ ကိုကြီးဆန်ကို လူပေါင်းများစွာက တက်နင်းသွားလိုက်ကြတာ၊ သတိတောင်မေ့သွားတယ်လို့ သိရတယ်။ ဖျပ်ကနဲ သတိပြန် ရတော့၊ ကိုကြီးဆန်ကို လုံခြုံရေးနှစ်ယောက်က လက်မောင်းကနေ ဆွဲထူမရင်း ဖမ်းသွား ကြပါပြီ။ ကံဆိုးတဲ့အထဲမှာ ကံကောင်းတာကတော့၊ အဲဒီ့လိုအဖမ်းခံလိုက်ရတဲ့ အချိန်မှာ ကိုကြီးဆန်ရဲ့လက်ထဲ ကင်မရာတစ်လုံးမှ ရှိမနေတော့တာပါပဲ။ ပြီးတော့ ဖမ်းဆီးစစ်ဆေး တဲ့အဖွဲ့တွေက ကိုကြီး ဆန်ကို လုံးဝသိမထားကြတာပါပဲ။ ဒီတော့ ရက်အနည်းငယ်သာ အထိမ်းသိမ်းခံခဲ့ရပြီး ကိုကြီးဆန် ပြန်လည်လွတ်မြောက် သွားပါတယ်။
၂ဝ၁ဝခုနှစ်နှောင်းပိုင်း၊ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာပြီးနောက်၊ ပြောင်းလဲလာတဲ့နိုင်ငံရေးအခြေအနေ တွေကြားထဲမှာ ကိုကြီးဆန်ကို လူမှန်နေရာမှန် ပြန်လည်တွေ့မြင်လိုက်ရပါတယ်။ ထောင်ထဲမှာ ဂျာနယ်တွေဖတ်ခွင့်ရတော့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရဲ့လှုပ်ရှားမှုပုံရိပ်တွေထဲမှာ ကိုကြီးဆန်ကို တစ်ခါတရံ တွေ့မြင်ခွင့်ရလိုက်လို့ပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အနီးနားမှာ ကိုကြီးဆန်လို စိတ်ရင်း စေနာကောင်းမြတ်သူတွေရှိနေတာ အားရကျေနပ်စရာပါ။ ပြီးတော့ ကင်မရာကိုင်သူတွေ ရဲ့ထုံးစံပေါ့။ ကိုကြီးဆန်ရဲ့ရုပ်ပုံကို ရှားရှားပါးပါးပဲ မြင်တွေ့ခွင့်ရတာပါ။ နိုင်ငံရေးသမား တို့ရဲ့ သဘာဝလား၊ လူ့သဘာဝပေပဲလား။ ကင်မရာနောက်မှာ နေချင်သူထက်၊ ကင်မရာ အရှေ့မှာနေချင်သူက များတယ်လေ။ ကိုကြီးဆန်ကတော့ ကင်မရာနောက်မှာပဲ ပြုံးပြုံးကြီး ကျေနပ်ပျော်ရွှင်နေမယ့်သူပါ။ ။
×××××××××××××××××××××××××××××××××××××
(၂၀၁၃ခုနှစ်၊ သြဂုတ်လ၊ ၂၉ရက်နေ့ထုတ် “အာရှအလင်းဂျာနယ်” မှ)
“ ကိုဆန်နီအား ထုတ်ပယ်ရခြင်းနှင့် ပတ်သက်၍ ”
ဒေါ်အောင်းဆန်းစုကြည်၏ အနီးကပ်လုံခြုံရေး နှင့် ဓါတ်ပုံသတင်းမှတ်တမ်း
တာဝန်ယူထားသော ကိုစံနီအား အပြစ်တစုံတရာမရှိဘဲလုံခြုံရေးတာဝန်ခံ
ဦးဝင်းထိန်(မိတ္ထီလာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)မှထုပ်ပယ်လိုက်ခြင်း။
ယနေ့ ၁၂.၅.၁၄ ရက်နေ့တွင် သမိုင်းအစဉ်အလာကြီးမားသူ(၈၈) အရေးတော်ပုံကာလ
အချိန်မှစတင်ပြီး ယခုထက်တိုင်ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ် ဓါတ်ပုံသတင်းများကို
အဖမ်းအဆီးများ ကြမ်းတမ်းသော အချိန်ကာလကတည်းက နိုင်ငံရေးတာဝန်များကို
ကိုယ်ကျိုးစွန့်အနစ်နာခံပြီး ဆောင်ရွက်ခဲ့သော ကိုစံနီ (SUNY)အား လုံခြုံရေးတာဝန်ခံ
ဦးဝင်းထိန်မှနေ၍ တိကျခိုင်မာသော(ပြစ်ချက်မရှိဘဲ) အကြောင်းပြချက် တစုံတရာမရှိဘဲ
နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်သူ နှစ်ရှည်ထောင်ဒဏ်ကျခံခဲရသူ လူမှု့ရေး၊
ကိုယ်ကျင့်တရား၊ နိုင်ငံရေးဖေါက်ပြန်မှု လုံးဝမရှိခဲ့သော ရိုးသားပွင့်လင်းသော ကိုကြီးစံကို
ထုပ်ပယ်လိုက်သည်။
အထူးသဖြင့် ကိုကျော်သူရကိုကိုနှင့် မခင်ခင်ဦးတို့ဇနီးမောင်နှံနှင့် ကိုစံနီသည်
ပုဂ္ဂိုလ်ရေးအဆင်မပြေမှု့များ ကြိမ်ဖန်များစွာရှိခဲ့သည့်ကိစ္စရပ်သာလျှင် ရှိခဲ့သည်။
ယခုလို ကိုစံနီ(SUNY)အား ထုတ်ပယ်လိုက်ခြင်းနှင့်ပတ်သက်ပြီး လုံခြုံရေးတာဝန်ခံဦးဝင်းထိန်
ကိုယ်တိုင်ကလည်း ပြစ်ချက်ဖြင့်ထုပ်ပယ်လိုက်ခြင်း မဟုတ်သည့်ကြောင်းကို
တာဝန်ယူဖြေရှင်းပေးမည်ဟုလည်း ပြောပါသည်။ မည်သူမဆိုဆက်သွယ်ပြီး
မေးမြန်နိုင်ကြောင်းလည်းပြောပါသည်။
ဦးဝင်းထိန် ဆက်သွယ်ရန်ဖုန်း (၀၉-၄၉၃၀၆၁၅၅)
No comments:
Post a Comment